![]() |
| Photo Credit - Google |
“ နေးနေးအခွေ အရမ်းပေါက်တယ်နော်
. . . . ”
အင်တာဗျူးသူ၏စကားကြောင့်
နေးသည် အပြုံးတစ်ခုကို ဟန်မဆောင်နိုင်စွာ ပြုံးမိလေသည်။ အခုတလော အင်တာဗျူးသူတွေ၏ နှုတ်ဖျားက
ထွက်ကျလာသော စကားလုံးတိုင်းတွင် ထိုစကားတစ်ခွန်းသည် မရှိမဖြစ် ပါဝင်နေပေ၏။ နေးကို အင်တာဗျူးတိုင်း
မမေ့မလျောပြောတတ်ကြသော စကားတစ်ခွန်းပင်။ ထိုသို့ ပြောလိုက်တိုင်း နေးမှာ ပါးစပ် နားရွတ်တက်ချိတ်သည်အထိ
ပြုံးရသည်မှာ အမော . . . နေး အရမ်းပျော်မိပါသည်။ နေး ဝါသနာ ပါသော အနုပညာတစ်ခုအတွက်
မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြီ မဟုတ်လား။ ထို့အတွက် နေး အတိုင်းမသိ ဝမ်းသာကြည်နူးဖြစ်ရသည်။
နေးနေးအခွေ အရမ်းပေါက်တယ်နော် ဟူ၍ ကြားလိုက်ရတိုင်း နေး ပျော်မိသည်မှာ ပြောပြဖို့ စကားလုံးတောင်
ရှာမတွေ့ . . . ။
ယခုနှစ်သည်
နေးအတွက် ကံကောင်းသောနှစ်လား မပြောတတ်ပါ။ နေး၏ “ စတေးခဲ့သော ” အမည်ရှိ တေးအယ်လ်ဘမ်သည်
ဒီနှစ်၏အရောင်းရဆုံး တေးအယ်လ်ဘမ်(၁ဝ)ခွေထဲမှာ ပါဝင်ခဲ့ပြီး ထိုအခွေနှင့်ပင် နေး စီးတီးအက်ဖ်အမ်ဆု
ရရှိခဲ့ပါသည်။ ထို့အတွက် နေး အများကြီး ကြိုးစားရင်းနှီးခဲ့ရသည်။ ဘယ်လောက်တောင် ရင်နှီးခဲ့ရသလဲဆိုရင်
နေးအခွေသည် နာမည်နှင့်လိုက်အောင် နေး၏ ကြိုးစားအားထုတ်မှုတွေ သာမက နေး ရင်ဘတ်ထဲက အချစ်ကိုလည်း
စတေးခဲ့ရခြင်း ဖြစ်လေသည်။
# # # # # # # # # #
# # # # # # #
သည်နေ့သည်
ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနှင့် ပထမဆုံး နေး စင်ပေါ်တက်ခွင့်ရသောနေ့ ဖြစ်သည်။ ပထမဆုံးဆိုသော
စကားနှင့်အညီ နေးသည် စိတ်လှုပ်ရှားလွန်း၍ စင်နောက်တွင် ဟိုသွားလိုက် သည်သွားလိုက် လုပ်နေမိသည်။
အရင်တုန်းက အဆိုပြိုင်ပွဲတွေမှာ စင်ပေါ်တက်ခဲ့ဖူးပေမယ့်လည်း ခြေဖျားလက်ဖျား တွေအေးပြီး
ဖျားချင်သလိုလို . . . ကျက်ထားသော သီချင်းစာသားတွေပင် မေ့ချင်သလိုလို နေးစိတ်တွေ ဂနာမငြိမ်
ဖြစ်နေကာ ကြောက်ဒူးတွေလည်း တုန်နေပါသည်။ နေးအလှည့်ရောက်ဖို့ အချိန်နီးကပ်လာလေလေ နေးနှလုံးသား
အတိုင်းအဆမဲ့ ခုန်ပေါက်လေ ဖြစ်သည်။ အခုဆိုနေသော နာမည်ကြီးအဆိုတော်ပြီးလျှင် နေးအလှည့်
ရောက်ပြီ။
“ ဝေး . . . ဟေး . .
. ဟေး . . . ဖြောင်း . . . ဖြောင်း . . . ဖြောင်း . . . ဖြောင်း . . . ”
ပရိတ်သတ်လက်ခုပ်သံများအဆုံးတွင်
နာမည်ကြီးအဆိုတော်က ပရိတ်သတ်ကိုနှုတ်ဆက်ပြီး စင်ပေါ်မှဆင်းလာရာ ဆင်းလာပြီးပြီးချင်းမှာပင်
အစီအစဉ်ကြေညာသူက နေးနာမည်ကို ကြေညာပါသည်။
နေး ကြောက်ကြောက်နှင့် စင်ပေါ်တက်လာခဲ့သည်။ ကြောက်လွန်း၍
ပရိတ်သတ်ကိုတောင် မကြည့်ရဲ . . . သီချင်းတီးလုံးစတီးသည့် အချိန်ထိလည်း နေး မျက်နှာကို
ငုံ့ထားမိလေသည်။ သီချင်း စဆိုရတော့မည် ...
နေး ပရိတ်သတ်ရှေ့မျက်နှာမူလိုက်ပါသည်။ ထိုအချိန်တွင် နေး နဖူးပေါ်သို့ ရေသန့်ဘူးခွံတစ်ခု
ကျရောက်လာပြီး ပရိတ်သတ်များထံမှ ဒါကြီး ဘာကြီးလဲ ... ဆင်းပါတော့ဗျို့ ... ဘယ်ကရွာသမကြီးလဲ
ဆိုသော အော်ဟစ်သံများ ညံညံစီအောင် ထွက်ပေါ်လာလေသည်။ ထို့နောက် နေးကို ရေသန့်ဘူးခွံ တစ်ခုပြီးတစ်ခုနှင့်
ပစ်ပေါက်ကြလေသည်။
နေးသည်
သီချင်းဆိုဖို့ပင် မေ့နေခဲ့ပြီး ပရိတ်သတ်ကို ကြောင်ပြီး ငေးကြည့်နေမိသည်။
Chorus အပိုဒ်ရောက်မှ ဆိုဖို့ သတိရတော့သည်။ မျက်ရည်မကျမိဖို့ နေး အတော်ထိန်းထားရပြီး
သီချင်းတီးလုံး အမြန်ပြီး ပါစေတော့ ဟု နေး ဆုတောင်းနေမိသည်။ အခုချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒကို
ပြောပြပါဆိုလျှင် နေး စင်ပေါ်ကနေ အငွေ့ပျံပျောက်ဆုံးသွားချင်ပါသည်။
နေးသည် သီချင်းတီးလုံးရပ်သွားသည်နှင့်တစ်ပြိုင်နက်
ပရိတ်သတ်ကို ကျေးဇူးတင်ပါတယ် ဟု ပြောပြီး စင်ပေါ်မှ ဆင်းလာခဲ့တော့သည်။ တစ်ယောက်ကို သုံးပုဒ်ကျဆိုရမည်ဖြစ်သော်လည်း
စင်ပေါ်မှာ ရပ်နေဖို့ပင် ခွန်အားမရှိတော့သောကြောင့် သီချင်းတစ်ပုဒ်ဆိုပြီးသည်နှင့် စင်ပေါ်မှ
ပြေးဆင်းလာခဲ့ခြင်းပင်။ စင်အောက်ရောက်မှ သစ်ပင်ရိပ်တစ်ခုနားသွားထိုင်ပြီး နေး အားရပါးရ
ငိုကြွေးမိသည်။ ဒီနေ့ပွဲလေးကို နေး အများကြီး မျှော်လင့် မထားခဲ့ပေမယ့် နည်းနည်းလေး
စိတ်ကူးယဉ်ထားခဲ့သည်ကို နေး ဝန်ခံပါသည်။ အခုလို ... ပုံပျက်ပန်းပျက်ကြီး အရှက်ကွဲရမယ်လို့
နေး လုံးဝမထင်ထားခဲ့ပါ။ နေးဘဝမှာ မထင်မှတ်ထားတာတွေ အများကြီး ဖြစ်ခဲ့ဖူးပါသည်။
နယ်မြို့ကလေးကနေ
ရန်ကုန်မြို့ကြီးကို တက်လာခဲ့သော အချိန်တုန်းကဆိုလျှင် နေးဘဝမှာ မထင်မှတ်ထားသောဒုက္ခတွေ
အများကြီး ကြုံတွေ့ခဲ့ရသည်။ မလုပ်ဖူးသမျှ အလုပ်တွေ နေး လုပ်ခဲ့ရသည်။ မဖြစ်စလောက်ဘွဲ့လေးတစ်ခုက
အကောင်းစားအလုပ်တွေလည်း ရနိုင်မည်မဟုတ်ပေရာ နေးမှာ သူများတံတွေးခွက် ထဲ ပက်လက်မျောရမည့်အလုပ်တွေကလွဲပြီး
စားရေးသောက်ရေး အဆင်ပြေစေဖို့ အောက်ခြေသိမ်းအလုပ်တွေကအစ လုပ်ခဲ့ရပါသည်။ စားသောက်ဆိုင်မှာ
စားပွဲထိုးသည့်အလုပ် နေး လုပ်ခဲ့ဖူးသည်။ စတိုင်းဆိုင်မှာ အရောင်းစာရေးမ လည်း လုပ်ဖူးခဲ့သည်။
အမှန်တော့ နေး ရန်ကုန်မြို့ကို တက်လာခဲ့သည်က ဒီလိုမျိုးအလုပ်တွေ လုပ်ဖို့မဟုတ်ပါ
... နေးမှာ ရည်ရွယ်ချက်ရှိပါသည်။ အဆိုတော်တစ်ယောက်ဖြစ်ဖို့သည် နေး အဖြစ်ချင်ဆုံး မျှော်လင့်ချက်အိပ်မက်
ဖြစ်သည်။ ထိုမျှော်လင့်ချက်အိပ်မက်လေးကိုဖက်တွယ်ရင်း အရင်က နေး ဒုက္ခတွေ ဘယ်လောက်ပင်ကြုံကြုံ
နေး ကျော်ဖြတ်ခဲ့ပါသည်။
“ ဟုတ်သားပဲ နေးနေး
… ဒါလည်း နင် မထင်မှတ်ထားတာတွေထဲက တစ်ခုပဲ ၊ ဘာတစ်ခုမှ ချက်ချင်းကြီး မအောင်မြင်နိုင်ဘူးလေ
၊ နင် ဘာမှ စိတ်ဓာတ်ကျစရာ မလိုဘူးနော် ၊ နင်သာ ဆက်ကြိုးစား … အခု လက်မခံသေးရင်တောင်
တစ်ချိန်ကျရင် နင့်ကြိုးစားမှုတွေကို လက်ခံလာလိမ့်မယ် ၊ ကဲ … မျက်ရည်တွေ သုတ်လိုက်တော့
”
နေးသည်
ကိုယ့်ကိုယ်ကို အသံတိတ်နှစ်သိမ့်ရင်း ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်တွေကို ပြောင်စင်အောင်
သုတ်ပစ်လိုက်သည်။ ထို့နောက် ထိုင်ရာမှ ထလိုက်ရာ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသော
လူတစ်ယောက်ကိုတွေ့လိုက်ရလျှင် လန့်ချင်သလိုလိုဖြစ်သွားလျက် နောက်သို့ တစ်ချက်ယိုင်သွားလေ
သည်။ နေး တွေ့လိုက်ရသော လူတစ်ယောက်မှာ နိုင်ငံကျော်ရုပ်ရှင်မင်းသား ဆန်းခေတ်ညို ဖြစ်၍နေလျှင်
နေး ပိုတောင် ရှော့ရသွားရပါသည်။ ဆန်းခေတ်ညိုက နေး လန့်သွားသည်ကို သိဟန်ဖြင့် ဆောရီးနော်
ဟု ပြောပြီး
“ နေးနေး လက်မှတ်ထိုးပေးပါလား ”
ဟု
ဆိုကာ ဘောပင်တစ်ချောင်းနှင့် အော်တိုစာအုပ်လေးကို ကမ်းပေးလျှင် ယိုင်ချင်နေသာ နေး၏
ခြေထေက်တွေသည် လဲကျသွားမလားတောင် ထင်ရသည်။ မထင်မှတ်စရာတွေကြုံရလွန်းလို့ နေးလည်း ရူးတော့မည်
ထင်ပါသည်။ အခုလို တစ်ယောက်ယောက်က လက်မှတ်လာထိုးခိုင်းမယ်မှန်း နေး လုံးဝ မထင်ခဲ့ထားပါ။
အထူးသဖြင့် နိုင်ငံကျော်ရှပ်ရှင်မင်းသားက နေးကို လက်မှတ်လာထိုးခိုင်းလိမ့်မယ်ဆိုတာ
နေး လုံးဝလုံးဝ မထင်မှတ်ထားသော ကိစ္စတစ်ခု ဖြစ်ပါသည်။
“
မထိုးပေးချင်ဘူးလား … ဆောရီးနော် … အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် ”
“
မဟုတ်ပါဘူး … နေး ထိုးပေးပါ့မယ် ”
နေးသည်
သူ့လက်ထဲက ဘောပင်နှင့်အော်တိုစာအုပ်လေးကို ယူလိုက်ကာ နေး၏လက်မှတ်လေးကို လှပသေသပ်စွာ
ထိုးပေးလိုက်ပြီး စာအုပ်နှင့်ဘောပင်ကို သူ့ထံ ပြန်ပေးလိုက်ပါသည်။
“ ကျေးဇူးတင်ပါတယ် နေးနေး
… ကိုယ် တစ်ခုလောက် မေးချင်သေးတယ် … စောနက စင်ပေါ်မှာ နေးနေး ဆိုသွားတဲ့သီချင်းကို ဘယ်သူရေးတာလဲ
… ကိုယ် သိလို့ရမလား ”
နေးသည်
သူ့ကို နားမလည်နိုင်သောအကြည့်များနှင့် ကြည့်လိုက်ပြီး နေးကိုယ်တိုင် ရေးထားတာပါ ဟု
ဖြေလိုက်လျှင် သူက … “ ဝါး … မင်းက ပညာရှင်ပဲ နေးနေးရဲ့” ဟု ဆိုလေသည်။
“ မမြှောက်ပါနဲ့ရှင်
… ပညာရှင်ဆိုရင် ရေသန့်ဘူးနဲ့ အပေါက်ခံရပါ့မလား ”
“ အဲ့ဒါကလည်း မင်းရဲ့ဖက်ရှင်ကြောင့်ပဲလို့
ကိုယ် ထင်တယ် … မင်း ဘာဖြစ်လို့ ဒီလိုပုံစံကြီး ဝတ်လာတာလဲ ၊ မင်းပုံစံက စင်အောက်က ပရိတ်သတ်ကောင်မလးတွေလောက်တောင်
မလန်းဘူး ဆိုတာရော သိရဲ့လား ”
နေးသည် သူ့ကို စူးခနဲ
ကြည့်လိုက်ပြီး …
“ အလန်းစားတွေဝတ်ရအောင်
နေးက သူတို့လို ချမ်းချမ်းသာသာထဲကမှ မဟုတ်တာ … အခုပွဲဆိုတာက လည်း အနုပညာကြေးတောင် ရတာမဟုတ်ဘူး
… ဆိုချင်လွန်းလို့သာ စီစဉ်တဲ့သူကို အတင်းပြောပြီး စင်ပေါ်တက်ဆိုခဲ့ရတာ … အဲ့လိုဝတ်နိုင်ဖို့ဆိုတာထက်
ကိုယ့်ဆိုမယ့်သီချင်းကိုတောင်မှ မဝယ်နိုင်လို့ ကိုယ်ဘာသာကိုယ် ဖန်တီးနေရတာ ”
“ ကဲ … ထားပါတော့ မင်း
စိတ်မကောင်းအောင် ကိုယ်မပြောတော့ပါဘူး … စောစောက သီချင်း မင်း ရေးတာဆိုရင် အဲ့သီချင်းကို ကိုယ် ဝယ်ချင်တယ် … ဘယ်လိုလဲ ကိုယ့်ကိုပြန်ရောင်းနိုင်မလား
… အနုပညာကြေးလည်း ထိုက်ထိုက်တန်တန် ပေးမှာပါ ”
“
ရှင် ”
ထိုစကားတစ်ခွန်းကလွဲပြီး
နေး ဘာမှပြန်မပြောနိုင်တော့ပေ … ပျော်လွန်း၍ ဘာပြောရမှန်းမသိ တော့ခြင်းသာ ဖြစ်ပါလိမ့်မည်။
“ ဘယ်လိုလဲ … မရောင်းနိုင်ဘူးလား
”
“
မဟုတ်ပါဘူး … နေး ရောင်းနိုင်ပါတယ် ”
သည်လိုနှင့်
ထိုသီချင်းလေးကို နေး ရောင်းဖြစ်ခဲ့ပါသည်။ သီချင်းကိစ္စများနှင့်ပတ်သတ်ပြီး နေးတို့နှစ်ယောက်
ခင်မင်ရင်းနှီးခဲ့ကြသည်။ နေး ရောင်းလိုက်သည့် သီချင်းလေးကိုလည်း သူ သရုပ်ဆောင်သည့်
ဇာတ်ကားတစ်ခုမှာ အသုံးပြုခဲ့ပြီး ဇာတ်ဝင်တေးကိုလည်း နေးကိုယ်တိုင်ပင် ဆိုပေးရပါသည်။
နေးလည်း သူနှင့် ရင်းနှီးသွားတော့မှ အနုပညာလမ်းပေါက်သွားသည် ထင်၏။ သူ၏ ပြောဆိုပေးမှုဖြင့်
နေး ဇာတ်ဝင်တေးတွေ ဆိုလာရ သည်။ သူ့တိုက်ပိုင် ကုမ္ပဏီသာမက အခြားကုမ္ပဏီတွေကလည်း ဇာတ်ဝင်တေးဆိုပေးဖို့
အနုပညာကြေးပေးပြီး ငှားရမ်းလာကြသည်။
အားလုံးအတွက်
သူ့ကို ကျေးဇူးတင်မိသည်။ သူ့ကြောင့် နေး ခွန်အားတွေ ရရှိခဲ့သည်။ သူ နေးကို လက်မှတ်လာထိုးခိုင်းတဲ့နေ့ကတည်းက
ငါ့ကို အားပေးတဲ့သူရှိပါလား ဆိုသောအသိနှင့်တင် ခြေလှမ်းတွေဆက်လှမ်းဖို့ သူ့ဆီက ခွန်အားတွေ
ရရှိခဲ့ခြင်းဖြစ်သည်။ ထိုခွန်အားတွေနှင့်အတူ နေး သီချင်းတွေဆက်ရေး သီချင်းတွေ ဆက်ဆိုဖြစ်ခဲ့ပါသည်။
သူနှင့်
အတော့်ကို ရင်းနှီးပြီးသည့်နောက်ပိုင်းမှာ မထင်မှတ်စရာကိစ္စတစ်ခု နေး ထပ်ကြုံခဲ့ရပြန်
သည်။ နေးနှလုံးသားတစ်ခုလုံးကို တလှပ်လှပ်နှင့် အေးခဲသွားအောင် ပြုလုပ်လိုက်သော မထင်မှတ်စရာ
ကိစ္စလေးဖြစ်သည်။ နေး လုံးဝမမျှော်လင့်ထားခဲ့သလို နည်းနည်းလေးမှလည်း စိတ်ကူးမယဉ်ထားခဲ့ပေ။
စိတ်ကူးယဉ်ရ အောင်လည်း နေးဘဝနှင့် သူ့ဘဝက တခြားစီ … သူ့လို နာမည်ကြီးရုပ်ရှင်မင်းသားတစ်ယောက်ထံမှ
နေးလို နာမည်ကြီးဖို့ဝေးစွ ဘယ်လောက်ကြိုးစားကြိုးစား သာမညောင်ညအဆင့်ကနေ မတက်သည့် အဆိုတော်မလေး
တစ်ယောက်ကို ချစ်တယ် ဆိုသောစကားကို ကြားရဖို့ နေး လုံးဝမမျှော်လင့်ရဲပါပေ။ သို့ပေမယ့်လည်း
ထိုအသံကို နေး ကြားခဲ့ရပါသည်။
“ ကိုယ် မင်းကို ချစ်တယ်
… နေး ”
နေးလည်း
သူ့ကို ချစ်နေမိခဲ့ပါသည်။ သို့ပေမယ့် သုံးလေးငါးလောက်အထိ နေး ရင်ထဲက အချစ်တွေကို သိမ်းဆည်းထားခဲ့ပြီးမှ
ထုတ်ဖော်ပြသခဲ့လေသည်။
# # # # # # # # # #
# # # # # # #
သူက
သရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်သည့်အလျောက် သူနှင့်နေးကြားတွင် နားလည်မှု လွဲစရာတွေ
အများကြီး ကြုံလာရပေမယ့် တစ်ယောက်ကိုတစ်ယောက်
ယုံကြည်နားလည်မှုများဖြင့် နေးတို့ ခရီးဆက် ခဲ့ကြပါသည်။ သို့ပေမယ့် ဘယ်လောက်ပင် ယုံကြည်နားလည်ပါသည်ပြောပြော
သူနှင့်နေးကြားမှာ နားလည်မှုလွဲစရာ လေးတွေ ကြုံလာခဲ့ရသည်။ နားလည်မှုလွဲသည့်ကိစ္စဆိုသည်မှာ
ရုပ်ရှင်မင်းသားတစ်ယောက်၏ ထွက်ပေါ်နေကျ ကောလဟာလသတင်းတွေကြောင့်
မဟုတ်ပေ။ တကယ်နားလည်မှုလွဲရသည်က နေးဝတ်ရမည့် အဝတ်အစား ကိစ္စကြောင့်သာ ဖြစ်လေသည်။ ပွဲတစ်ခုရှိတိုင်း
( သူရောနေးပါ ဖိတ်ကြားခံရသော ပွဲဆိုလျှင် ) သူက သူ့ဒီဇိုင်းနာနှင့် တိုင်ပင်ပြီး နေးအတွက်
ပွဲတက်ဝတ်စုံချုပ်ကာ ယူလာပေးသည်။
“ ရော့ . . . ဒီနေ့ပွဲအတွက်
နေး ဝတ်ရမယ့် ပွဲတက်ဝတ်စုံ . . . ”
သူ
ယူလာပေးသည့်အချိန်တုန်းကဆိုလျှင် သူက နေးကို သိပ်ချစ်တာပဲ ဟု တွေးကာ ပျော်ရွှင်ခဲ့ရ
ပေမယ့် ဝတ်ကြည့်လိုက်သည့်အချိန်မှာတော့ နေး ဘုရားတောင် တ,မိပါသည်။ သူ့ဒီဇိုင်းနာ ချုပ်ပေးလိုက်သည့်
ဝတ်စုံမှာ ရေကူးဝတ်စုံလို ပေါင်အတိသာရှိသော
ဝတ်စုံလေးဖြစ်သည်။ ဒီလို ဝတ်စုံမျိုး နေး တစ်ခါမှ မဝတ်ဖူးပေ ... ဝတ်လည်း မဝတ်ရဲပါပေ။
“ နေး မဝတ်ရဲဘူး . .
. မောင် ”
“ ဘာလို့လဲ နေးရဲ့
... အခြားသူတွေလည်း ဒီလိုဝတ်နေကြတာပဲ ... ဒီဝတ်စုံလေးက နေးနဲ့လိုက်မယ်ထင်လို့ ကိုယ်ကိုယ်တိုင်
စဉ်းစားပြီး ဒီဇိုင်းနာကို ချုပ်ခိုင်းထားတာ ... ဒီဝတ်စုံလေးရဖို့ ကိုယ် ဘယ်လောက် ခေါင်းကိုက်လိုက်ရလဲ
... ဝတ်လိုက်ပါ နေးရယ် ... ကိုယ့်စေတနာကို နားလည်ရင် ဝတ်လိုက်ပါနော် ”
“ မောင့်စေတနာကို နေး
နားလည်ပါတယ် ... ဒါပေမယ့် နေးမှ မဝတ်ရဲတာ မောင်ရယ် ... နေးဘက်ကိုလည်း ကြည့်ပေးပါဦး
… နေး ဘယ်လောက်အနေခက်လိုက်မလဲ ”
“ ကောင်းပြီလေ … နေး
အနေခက်တယ်ဆိုရင်တော့ မဝတ်ပါနဲ့တော့ … ဟုတ်ပြီလား ”
ပထမအကြိမ်တုန်းကတော့
ပြဿနာက ချောချောမွေ့မွေ့လေး ပြီးဆုံးသွားခဲ့ပေမယ့် ဒုတိယအကြိမ် တတိယအကြိမ် အကြိမ်အရေအတွက်တွေ
များလာသည်နှင့်အမျှ မောင့်အသံလည်း အနည်းငယ် တင်းမာလာလည်။ နေးကလည်း မဝတ်ရဲဘူးဆိုသော
အကြောင်းပြချက်နှင့် ငြင်းမြဲငြင်းဆဲ … မောင်ကတော့ နေးက သူ့စေတနာကို နားမလည်ပါဘူး ဆိုသော
စကားလုံးတွေနှင့် ထိုးနှက်လေသည်။ နောက်ဆုံးတော့ တင်းလွန်းသည့်ကြိုး ပြတ်ခဲ့ရလေ သည်။
“ ကိုယ်တို့လမ်းခွဲရအောင်
. . . နေး ”
ထိုစကားကိုကြားကြားလိုက်ချင်းမှာ
နေးနှလုံးသားတစ်ခုလုံး ဓာတ်လိုက်သလို ကျင်တောင့်သွားကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသလို
ခံစားလိုက်ရသည်။ တကယ်လည်း ကွဲကြေသွားပါသည်။ မောင့် မျက်နှာပေါ်က အရိပ်အရောင်တွေကို ဘာသာပြန်မိလိုက်သည့်အချိန်မှာ
နှလုံးသားတစ်ခုလုံး စုတ်ပြတ်သပ်သွားပြီ။ ရင်ဘတ်တစ်ခုလုံး နာကျင်လွန်း၍ နေး ဘာမှတောင်
ပြန်မပြောနိုင်ဘဲ မောင့်ကိုသာ ငေးပြီး ကြည့်နေမိသည်။
“ တစ်ခုတော့ အကြံပေးခဲ့မယ်
နေး … မင်း ဒီလိုပုံတုံးတုံးအဝတ်တွေသာ ဆက်ဝတ်နေဦးမယ်ဆိုရင် မင်း ဘယ်တော့မှ အောင်မြင်ကျော်ကြားတဲ့
အဆိုတော်တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး … တစ်ခုကိုလိုချင်ရင် တစ်ခုကို ပေးဆပ်ရတယ်ကွ ”
မောင်သည်
ထိုစကားကို ပြောပြီးသည့်နှင့်တစ်ပြိုင်နက် နေးအနားကနေ ထွက်သွားလေသည်။ နေးမှာသာ ဘာမှမပြောနိုင်ဘဲ
ကျန်ရစ်ခဲ့လေသည်။ သည်လိုလမ်းခွဲရမယ်မှန်းသိရင် မောင့်သူငယ်ချင်း မင်္ဂလာဆောင် သည့် အထိမ်းအမှတ်
ဒင်နာပွဲတွင် ဝတ်ဖို့ မနက်တုန်းက မောင် လာပေးသည့် အကျီလေးကို မဝတ်ရဲလည်း နေး ဝတ်လိုက်ပါမည်။
အခုတော့ … ထားရစ်ခဲ့ပြီဆိုသော အသိက နှလုံးသားကို ထိုးနှက်လွန်းလှသည်။ ငိုချင်ပေမယ့်လည်း
မျက်ရည်တွေသာ ဖြိုင်ဖြိုင်ကျလာသည် … အသံကထွက်မလာ … နေး အားရပါးရ ငိုကြွေးပစ်လိုက်ချင်သည်။
ဒင်နာပွဲတွင်လည်း နေး မနေချင်တော့ပါ … နေးသည် တက္ကစီတစ်စီး ငှားလိုက်ကာ နေး တိုက်ခန်းလေးဆီ
ပြန်လာခဲ့တော့သည်။
တိုက်ခန်းထဲရောက်တော့မှ
ကလေးတစ်ယောက်လို နေး အားရပါးရ ငိုကြွေးမိပါသည်။ နားထဲတွင် လည်း မောင် ပြောခဲ့သော စကားတွေကို
ပြန်လည်ကြားယောင်နေသည်။
“ တစ်ခုတော့ အကြံပေးခဲ့မယ်
နေး … မင်း ဒီလိုပုံတုံးတုံးအဝတ်တွေသာ ဆက်ဝတ်နေဦးမယ်ဆိုရင် မင်း ဘယ်တော့မှ အောင်မြင်ကျော်ကြားတဲ့
အဆိုတော်တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး … တစ်ခုကိုလိုချင်ရင် တစ်ခုကို ပေးဆပ်ရတယ်ကွ ”
တစ်ခုကိုလိုချင်ရင်
တစ်ခုကို ပေးဆပ်ရသည် တဲ့ ။ မောင် ဆိုလိုသည့်သဘောက နေး အောင်မြင်ဖို့ အတွက် ဒူးပေါ်ပေါင်ပေါ်
အဝတ်အစားတွေ ဝတ်ရမည် တဲ့လား … သည်လိုအဝတ်အစားတွေ ဝတ်မှ နေး အောင်မြင် မှာလား။ သည်လိုအဝတ်အစားတွေဝတ်မှ
အောင်မြင်မယ်ဆိုရင်တော့ နေး မအောင်မြင်ချင်တော့ပါဘူး။ တစ်ခုကို လိုချင်ရင် တစ်ခုကို
ပေးဆပ်ရမည်ဆိုတာ နေး နားလည်ပါသည်။ ထိုသို့ပေးဆပ်ရသည့်နေရာမှာ နေးဘဝ နေးအရှက် သိက္ခာကလွဲ၍
နေး ဘာမဆို ပေးဆပ်ရဲသည်။ ကြိုးစားအားထုတ်ရမည်လား … နေး ရေကုန်ရေခန်း ကြိုးစားရဲပါ သည်။
“ မောင် … မောင့်ကို
နေး စိန်ခေါ်တယ် … မောင်ပြောတဲ့ ဒီလိုပုံတုံးတုံးဒီဇိုင်းနဲ့ပဲ နေး အောင်မြင်အောင် ကြိုးစားပြမယ်
မောင် ”
ထိုစကားကို နေး စိတ်ထဲတွင်သာ
ပြောမိလေသည်။
အသည်းကွဲခြင်းက နာကျင်ရပေမယ့်
နေးအတွက် တစ်ခုတော့ ကောင်းသည်။ သီချင်းတစ်ပုဒ် ဖန်တီးသည့်အခါ အရင်ကလို အချိန်အတော်ကြာ
စဉ်းစားစရာတောင်မလို … ပီပြင်ပြောင်မြောက်သော စကားလုံး တွေ ထွက်ပေါ်လာသည်။ ထို့ကြောင့်
မောင့်ကိုလွမ်းတိုင်း နေး ငိုလည်းငို … ငိုရင်းနှင့်ပင် ဂစ်တာတစ်လုံးကိုင်ကာ အလွမ်းသီချင်းလေးတွေ
ထိုင်ရေးဖြစ်ခဲ့သည်။ မောင် ပေးခဲ့သည့် နောက်ဆုံးလက်ဆောင် အသည်းကွဲခြင်းကနေ ပီပြင်ပြောင်မြောက်သောသီချင်းတွေ
နေး ရရှိခဲ့ပါသည်။ ထိုသီချင်းတွေကို ပရိုဂျူဆာတစ်ယောက်ထံ နေး ပြကြည့်သောအခါ ကြိုက်သွားပြီး
နေးကို အခွေထုတ်ပေးဖို့ ဆိုလာခဲ့သည်။ ဤသို့ဖြင့် စတေးခဲ့သော အမည်ရှိ နေး၏ ပထမဆုံးတေးအယ်လ်ဘမ်တစ်ချပ်ကို
ထုတ်ဖြစ်ခဲ့လေသည်။
အရာအားလုံးအတွက် မောင့်ကို
ကျေးဇူးတင်မိပါသည်။
# # # # # # # # # #
# # # # # # #
“ နေးနေးအခွေ အရမ်းပေါက်တယ်နော် .
. . . ”
အင်တာဗျူးသူ၏စကားကြောင့်
နေးသည် အပြုံးတစ်ခုကို ဟန်မဆောင်နိုင်စွာ ပြုံးမိလေသည်။ အခုတလော အင်တာဗျူးသူတွေ၏ နှုတ်ဖျားက
ထွက်ကျလာသော စကားလုံးတိုင်းတွင် ထိုစကားတစ်ခွန်းသည် မရှိမဖြစ် ပါဝင်နေပေ၏။ နေးကို အင်တာဗျူးတိုင်း
မမေ့မလျောပြောတတ်ကြသော စကားတစ်ခွန်းပင်။ ထိုသို့ ပြောလိုက်တိုင်း နေးမှာ ပါးစပ် နားရွတ်တက်ချိတ်သည်အထိ
ပြုံးရသည်မှာ အမော . . . နေး အရမ်းပျော်မိပါသည်။ နေး ဝါသနာပါသော အနုပညာတစ်ခုအတွက် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြီ
မဟုတ်လား။ ထို့အတွက် နေး အတိုင်းမသိ ဝမ်းသာကြည်နူးဖြစ်ရသည်။ နေးနေးအခွေ အရမ်းပေါက်တယ်နော်
ဟူ၍ ကြားလိုက်ရတိုင်း နေး ပျော်မိသည်မှာ ပြောပြဖို့ စကားလုံးတောင် ရှာမတွေ့ . . . ။
ယခုနှစ်သည်
နေးအတွက် ကံကောင်းသောနှစ်လား မပြောတတ်ပါ။ နေး၏ စတေးခဲ့သော အမည်ရှိ တေးအယ်လ်ဘမ်သည် သည်နှစ်၏အရောင်းရဆုံး
တေးအယ်လ်ဘမ်(၁ဝ)ခွေထဲမှာ ပါဝင်ခဲ့ပြီး ထိုအခွေနှင့်ပင် နေး စီးတီးအက်ဖ်အမ်ဆု ရရှိခဲ့ပါသည်။
ဒါ နေး၏အောင်မြင်မှု … သည်လိုအောင်မြင်ဖို့ နေး ဘယ်လိုကြိုးစားအားထုတ်ခဲ့ရ သလဲဆိုတာ
မောင် မသိသေးဘူးဆိုရင် မောင့်ကို နေး ပြောပြချင်ပါသည်။
“ နေး အခုလိုအောင်မြင်ခဲ့တာ
မောင် ဝတ်ခိုင်းတဲ့ ခပ်လန်းလန်းအဝတ်အစားတွေဝတ်လို့မဟုတ်ဘူး မောင် ၊ နေး ကြိုးစားလို့ရလာတဲ့
နေးရဲ့အောင်မြင်မှုပါ ၊ မောင် ချစ်တယ်လို့ပြောခဲ့တဲ့ နေးနေးဆိုတဲ့ မိန်းကလေးဟာ ဟိုတုန်းကလိုပဲ
မပြောင်းလဲတဲ့အချစ်တွေနဲ့အတူ ပုံတုံးတုံး မိန်းမတစ်ယောက်ပါပဲ မောင်ရယ် ”
# # # # # # # # # #
# # # # # # #
နွေလ




ကောင်းလိုက်တဲ့ စိတ်ကူးလေး
ReplyDeleteမောင်လေးရေ၊ ဝတ္ထုကို အဆုံးဖတ်ချင်တာ။ တဝက်လောက်ထိပဲဖတ်နိုင်တယ်။ font အရောင်လေးချိန်လိုက်ရင် ပိုကောင်းသွားမယ်။ အစ်မ မျက်လုံးက သိပ် အာရုံမစိုက်နိုင်လို့။
ReplyDeleteအဆင်ပြေသွားပြီ။ ကျေးဇူးမောင်လေး။ :)
ReplyDeleteဖတ်ပြီးသွားပြီ။ မိုက်တယ်။ အခုခေတ်က ဟော့မှ နာမည်ကြီးမယ်ထင်နေတဲ့ ခေတ်ကိုး။ အောင်မြင်ဖို့ဆိုတာ ဖက်ရှင်လန်းဖို့ချည်းမဟုတ်ပဲ၊ အရည်အချင်းရော၊ အနုပညာရော ရှိရင် အောင်မြင်နိုင်တယ်ဆိုတာ ထောက်ပြရေးထားတာလေးကြိုက်တယ်။
ReplyDeleteမိုက်တယ်ကွာ... ဒီလိုကျတော့လည်း ငါ့မောင်က တော်တယ်တော့ :D
ReplyDeleteအောင်မြင်မှုဆိုတာ ကြိုးစားအားထုတ်မှုနဲ့ ရင်းယူရတဲ့ အရာပါ
ReplyDeleteလည်ဟိုက်ပေါင်ပေါ်အဝတ်အစားတွေ ဝတ်မှ အောင်မြင်တာ မဟုတ်ပါဘူး
ကြိုးစားပြီး ကိုယ်ပိုင် အရည်အချင်းရှိမှာသာ အောင်မြင်ကြတာပါ
အရည်အချင်းရှိတဲ့သူတွေ အဲ့ဒီလို အဝတ်အစားတွေ ဝတ်နေမယ်ဆိုရင်
ဘယ်လောက်အရည်အချင်းရှိရှိ ကဲ့ရဲ့ရှုတ်ချကြမိမှာ အမှန်ပဲ
ဒီစကားကို မြန်မာမှာမို့လို့ ပြောရဲတာပါ
မြန်မာနိုင်ငံမှာ မဟော့လည်း အောင်မြင်နိုင်ပါတယ်
လည်ဟိုက်ပေါင်ပေါ် ဝတ်နေမှ မဟုတ်ဘူး
လုံလုံခြုံခြုံဝတ်စားလည်း ရပါတယ်ဆိုတာ . . . .
နေး အခုလို အောင်မြင်ခဲ့တာ
ReplyDeleteမောင် ၀တ်ခိုင်းတဲ့ ခပ်လန်းလန်းအ၀တ်အစားတွေ
ဝတ်ခဲ့လို့မဟုတ်ဘူး မောင် …
နေး ကြိုးစားလို့ရလာတဲ့ နေးရဲ့အောင်မြင်မှုပါ …
အရင်တုန်းက မောင် ချစ်တယ်လို့ပြောဖူးခဲ့တဲ့
နေးနေး ဆိုတဲ့ မိန်းကလေးဟာ
ဟိုတုန်းကလိုပဲ မပြောင်းလဲတဲ့အချစ်တွေနဲ့အတူ ပုံတုံးတုံးမိန်းမတစ်ယောက်ပါပဲ မောင်ရယ် …
ဒီစာသားလေး အရမ်းကြိုက်တယ် နွေလရေ
အားပေးသွားတယ်
MP
နေးနေး ဆိုတဲ့ အဆိုတော်မလေးရဲ့ စိတ်ဓာတ်ကို လေးစားမိပါတယ်
ReplyDeleteကိုနွေလရေ . . .
အခုအောင်မြင်နေတဲ့မြန်မာအဆိုတော်တွေက
Copy တွေချည်းပဲ
သူများနိုင်ငံတွေ ဟော့တိုင်း လိုက်ဟော့နေကြတယ်လေ
စိတ်ပျက်စရာပဲ
ညီရေ......မင်းရေသွားတာ အဆုံးတောင် ဘယ်လိုရောက်သွားမှန်းမသိဘူးကွာ...ကောင်းလိုက်တာ........ချီးကျူးပါတယ်....
ReplyDeleteဒီဇာတ်လေးထဲက အဆိုတော်နေးနေးလို အများကြီး ဒို့ဆီမှာရှိရင် ကောင်းမှာဘဲကွနော်......
မခံချင်စိတ်ပါပဲ အတုယူသင်ပါတယ်
ReplyDelete